သတင်း နှင့် ဗဟုသုတများ

blog photo
  • 2022-12-17

အူလေးတွေမကျန်းမာဘူးဆိုတာ ဘယ်လိုသိနိုင်မလဲ?

အူက ခန္ဓာကိုယ်ရဲ့ ဒုတိယ ဦးနှောက်ဖြစ်တယ်လို့ ဆိုကြပါတယ်။ ဒီလိုပြောရတဲ့ အကြောင်းရင်းကတော့ မကျန်းမာတဲ့ အူတွေဟာ လူ့ခန္ဓာကိုယ်တစ်ခုလုံးကို ထိခိုက်ပျက်စီးစေနိုင်တာကြောင့်ပါပဲ။ လူ‌တွေရဲ့ 'အူ' ထဲမှာ 'မိုက်ခရိုဇီဝ' လို့ခေါ်တဲ့ သေးငယ်တဲ့ ဇီဝသက်ရှိ ထရီလီယံပေါင်းများစွာနဲ့ ဖွဲ့စည်းထားတဲ့ ဂေဟစနစ်တစ်ခု ရှိပါတယ်။

ဒီသေးငယ်တဲ့ ဇီဝသက်ရှိတွေထဲက တချို့ဟာ အန္တရာယ်ရှိပေမယ့် အများစုကတော့ လူ့ကျန်းမာရေးကို အကျိုးပြုပါတယ်။ အဆိုပါ ဇီဝသက်ရှိလေးတွေဟာ သင်ကျန်းမာနေချိန်မှာတော့ အူအတွင်းမှာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်သော်ငြားလည်း၊ သင်က အကျိုးပြုဘက်တီးရီးယားလေးတွေ ကောင်းကောင်းရှင်သန်အောင် မနေထိုင်၊ မစားသောက်ဘူးဆိုရင်တော့ အူလေးရဲ့ ကျန်းမာရေးကို ထိခိုက်လာစေမှာ ဖြစ်ပါတယ်။

ဒါဆိုရင် အူလေးတွေမကျန်းမာဘူးဆိုတာ ဘယ်လိုသိနိုင်မလဲ?

✅ အစာမကြေခြင်း

စားလိုက်သမျှ အစာတွေကို ကောင်းစွာမခြေဖျက်နိုင်တော့ဘဲ၊ မကြာခဏ ဝမ်းချုပ်တာ၊ ဝမ်းလျှောတာ၊ မအီမသာဖြစ်တာ၊ ဗိုက်အောင့်တာ၊ gas တွေနဲ့ ဝမ်းဗိုက် ဖောင်းပွနေတာ၊ အစာအိမ် အချဉ်ပေါက်တာတွေဟာ အူလမ်းကြောင်း မကျန်းမာခြင်းရဲ့ အသိသာဆုံး လက္ခဏာတွေပါ။

✅ သကြားစားချင်စိတ် လွန်ကဲခြင်း

အူလမ်းကြောင်းဘက်တီးရီးယားတွေဟာ ဆာလောင်မှုကိုထိန်းညှိပေးတဲ့ ဟော်မုန်းတွေကို ထုတ်ပေးပါတယ်။ သင်က ကျန်းမာရေးနဲ့ မညီညွတ်တဲ့အစားအစာတွေ၊ အချိုတွေကို အလွန်အမင်း စားချင်နေတယ်ဆိုရင်တော့ အူထဲမှာ မကောင်းတဲ့ဘက်တီးရီးယားတွေ ပွားများလာတော့မယ်ဆိုတာကို သိရတော့မှာဖြစ်ပါတယ်။

✅ ရုတ်တရက်ကိုယ်အလေးချိန်ပြောင်းလဲခြင်း

အကယ်၍ လူတစ်ယောက်ဟာ အကြောင်းပြချက်မရှိဘဲ ကိုယ်အလေးချိန် ကျဆင်းနေတယ်၊ ဒါမှမဟုတ် တိုးလာတယ်ဆိုရင် ဒါဟာ အူသိမ်အူမဘက်တီးရီးယား ကြီးထွားမှုလို့ ခေါ်တဲ့ အူလမ်းကြောင်းဆိုင်ရာ ဘက်တီးရီးယား အခြေအနေကို ခံစားနေရတာဖြစ်နိုင်ပါတယ်။

✅ ခံတွင်းအနံ့ဆိုးခြင်း

ခံတွင်းနံ့ဆိုးခြင်းဟာ သွား၊ လျှာနဲ့ သွားဖုံးတွေမှာရှိတဲ့ ဘက်တီးရီးယားတွေကြောင့် ဖြစ်ပွားရတာဖြစ်ပါတယ်။ ဒါပေမယ့် အူလမ်းကြောင်းဘက်တီးရီးယားတွေ မညီမျှခြင်း ဖြစ်တဲ့အခါမှာလည်း ခံတွင်းအနံ့ ဆိုးနေတတ်ပါတယ်။

✅ ဓာတ်မတည့်မှုနှင့် အရေပြားအခြေအနေများ

ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအသောက်တွေကို စားသုံးမိခြင်းကြောင့် အူလမ်းကြောင်း ပျက်စီးစေပြီး ခန္ဓာကိုယ်ထဲက ပရိုတင်းဓာတ်တွေ လျော့နည်းစေနိုင်ပါတယ်။ ဒီလိုဖြစ်ရခြင်းရဲ့ နောက်ဆက်တွဲကတော့ နှင်းခူ၊ ဝက်ခြံအဖုတွေနဲ့ အရေပြားဓာတ်မတည့်မှုတွေကို ဖြစ်ပေါ်စေတာပါပဲ။

✅ ပင်ပန်းနွမ်းနယ်ခြင်း

အစာအိမ်နဲ့အူလမ်းကြောင်း မကျန်းမာခြင်းဟာ စိတ်ခံစားချက်နဲ့ အိပ်စက်ခြင်းကိုမှာ အရေးပါတဲ့ serotonin ဟော်မုန်းထုတ်လုပ်မှုကို နှောင့်ယှက်နိုင်ပြီး အိပ်မပျော်ခြင်း၊ ခေါင်းတစ်ခြမ်းကိုက်ခြင်း၊ အိပ်ရေးမဝခြင်းနဲ့ တစ်နေ့တာလုံး ပင်ပန်းနွမ်းနယ်မှုတို့ကို ဖြစ်ပေါ်စေပါတယ်။

ဒါကြောင့် အူလေးတွေကျန်းမာချင်တယ်ဆိုရင်တော့ အကျိုးပြုဘက်တီးရီးယားလေးတွေကြိုက်တဲ့ ဒိန်ချဉ်၊ ကင်မ်ချီ၊ သံလွင်ဆီ၊ ပဲ၊ ကြက်သွန်ဖြူ၊ ဂျင်း၊ ကညွတ်၊ ပျားရည်တွေကို များများစားပေးပါလို့ တိုက်တွန်းလိုက်ပါရစေနော်…

crd

ဒီပို့စ်ကို မျှ‌ဝေလိုက်ပါ။