သတင်း နှင့် ဗဟုသုတများ

blog photo
  • 2023-06-20

ဘလော့ဘုတ်တွေ သစ်အကြောယူနည်း (သို့မဟုတ်) ကွေးမလွယ်အောင်ဖြတ်ယူ/ သုံးတဲ့နည်း

ဘလော့ဘုတ်ဆိုတာ သစ်တုံးလေးတွေ စီထည့်ထားတာ လူတိုင်းသိပါတယ်။ မသိသေးတာဖြစ်နိုင်တာက သစ်တုံးလေးတွေရဲ့ ဗျက်ဟာ ဒုထက်ကြီးတာကို သုံးတဲ့ဘလော့ဘုတ်နဲ့ ဒုဟာ ဗျက်ထက် ကြီးတာကို တန်းစီထည့်ထားတာနဲ့ မတူပါဘူး။ ပုံမှန်အားဖြင့် နိုင်ငံခြားထုတ် Standard အရ ဒုဟာ ၁၄ မီလီသာသာပဲရှိပြီး ဗျက်ဟာ 18,20, 22, 24, 28 မီလီထိသုံးကြပါတယ်။ ဒီ့ထက်လည်း များကြတာ မြင်ဖူးပါတယ်။ သုံးဖူးပါတယ်။

ပြီးတော့ အတွင်းမမြင်ရပေမယ့် ညီညာတဲ့ အတုံးလေးတွေ၊ ဆိုဒ်ညီတဲ့ အတုံးလေးတွေစီထားရပါမယ်။ ပြီးတော့ အတိုဆုံးအလျားက 8 လက်မလောက်ရှိရမယ်ပေါ့ဗျာ။

ခုနောက်ပိုင်း ထုတ်ကုန်တွေမှာ အများအားဖြင့် တရုတ်နဲ့ အာရှ ထုတ်ကုန်တွေမှာ သစ်တုံးတွေဟာ ဗျက် မညီပဲဖြစ်လာပါတယ်။ တစ်ခါတလေ အကြီးတွေနဲ့ လုပ်ထားတာတွေပါ ရလာတတ်ပါတယ်။ ဒါဆိုပိုကောင်းတာပေါ့နော်။

ဒီတော့ အကြမ်းအားဖြင့်ကြည့်ရင် သစ်ချောင်းလေးတွေစီထားမယ်၊ အပေါ်က သစ်ပါးလွှာပြန်ကပ်ထားမယ်ပေါ့။

အဆင့်မြင့်ထုတ်ကုန်တွေမှာတော့ သစ်ချောင်းလေးတွေအပေါ်မှာ ကန့်လန့်သစ်ပါးလွှာ Cross Band Veneers အလွှာပါထည့်ချုပ်ထားပါသေးတယ်။ ပိုကောင်းတာပေါ့နော်။

ထိုကဲ့သို့ကန့်လန့်ပါ အလွှာထည့်ချုပ်ထားတာ Happy Apple မှာတွေ့ရပါတယ်။

ဒီတော့ သစ်သားပြားကို နှစ်ခန်းနှစ်ခုမှာ တန်းထားပြီး ခနထားလိုက်တာနဲ့ သစ်သားပြားဟာ ကွေးလာပါတယ်။ ပြောချင်တာက ဘယ်နေရာမှာ ဖိအားအများဆုံးရှိသလဲပေါ့။ အချပ်လိုက်မှာဆို အလည်မှာရှိပြီး အလျားတိုလာလေလေ ဖိအားသက်ရောက်မှု သက်သာလေပေါ့။

ဒီအတွက်သစ်ကို သုံးဖို့ဖြတ်ယူတဲ့အခါ

၁။ ခြေထောက်တွေဆိုရင် ၈ပေအလျားကို ထောင်ပြီးရယူရပါတယ်။ ဒါမှကွေးညွတ်လွယ်မှုကို သက်သာစေပါတယ်။ ဖိအားအတွက် တောင့်ခံအား ပိုရရှိစေပါတယ်။

သစ်နှမြောပြီး ၄ပေအနံကို အထောင်ယူမိရင် ဖိအားသက်ရောက်မှုပေါ်မူတည်ပြီး ချုပ်တန်းထားမှုပေါ်မူတည်ပြီး ကွေးလွယ်လာပါတယ်။

နောက်ဥပမာတစ်ခုဆိုရရင် တံခါးချပ်တွေပေါ့။ ဖြစ်နိုင်ရင် နဂိုသစ်ပြားအကြမ်းမှာ မကွေးနေတဲ့ သစ်ပြားကိုသာတံခါးသုံးပါ။

သစ်ကို အချပ်ကြီးက ဖြတ်ပြီးတာနဲ့ လိုင်မနိတ်ကပ်လိုက်တာကလည်း ကွေးမှုကို သက်သာလာစေပါတယ်။ ချက်ခြင်းဖြတ် ၊ လိုင်မနိတ်ကပ်၊ ချက်ခြင်းတံခါးတပ်နိုင်မှသာ အကွေးသက်သာပါတယ်။

ဖြတ်ထားမယ်၊ ချထားမယ်၊ ထောင်ထားမယ်၊ အထားအသိုလိုအပ်တာနဲ့ သူကကွေးလာပါလိမ့်မယ်။ ကွေးလာမှ တံခါးတပ်လိုက်ရင် ပြန်မဆန့်နိုင်တော့ပါ။

ထားသိုတဲ့အခါ

အပြားလိုက်ပြင်ညီရနေအောင်ချထားပါ။ နေရာအခက်အခဲကြောင့် စောင်းပြီး ထောင်ထားရင်လည်း ပထဆုံးဖိအားခံအပြားကိုမကွေးအောင်ဒေါင့်တန်းတွေထားပြီး သူ့ပေါ်မှီချပါ။ အောက်ဆုံးကအစောင်းထားတဲ့ ဖိအားခံအပြားစကွေးတာနဲ့ ကျန်တာတွေကွေးလာမှာပါ။

တံခါးချပ်ကြီးတွေ တပ်ပြီးမှ ကွေးလာတာက ရေပြင်ညီ 90ထောင့်မှန်မထားတဲ့ ဘီဒိုဒါမှမဟုတ် နံရံမှာ တပ်မိလို့ပါ။ တွဲလွဲခိုနေတဲ့ သစ်တစ်ပြားဟာ နံရံမှာ စောင်းထောင်ထားတဲ့ အပြားထက်ကွေးမလွယ်ပါ။ ကြမ်းမှာချထားတဲ့ အပြားထက် ကွေးမလွယ်ပါ။ 90 ထောင့်မှန်မှာ တွဲလွဲခိုနိုင်ပါစေ။

၂ပေထက်ရှည်တဲ့ အလျားတစ်ခုဖြစ်လာရင် သူ့ရဲ့ ကွေးခြင်း ကော့ခြင်းကို ပြန်လည်ခုခံဖို့ ထိန်းတန်းတွေလိုပါတယ်။

နှစ်ဖက်ကာလာပါပြီးသား အပြားတွေဟာ လိုင်မနိတ်ကပ်သုံးတဲ့အပြားတွေထက် ပိုကွေးလွယ်ပါတယ်။ လိုင်မနိတ်ကပ်ထားခြင်းဟာလည်း ကွေးကော့ဖို့ကို ပိုရုန်းရတဲ့အတွက် သက်သာစေပါတယ်။

ဥပမာ Bar Counter အလွတ်တွေလုပ်တဲ့အခါ အပေါ်ပြားဟာ အချပ်လိုက်ဖြစ်မနေသင့်ပါ။ အတွင်းမှ သူ့ရဲ့ ရုန်းကန်မှုကိုချုပ်ဖို့လိုကိုလိုပါတယ်။

နောက်တစ်ခုက ၂ပေခွဲ ၃ပေအမြင့်ကို အပြားလိုက်ခြေထောက်လုပ်တဲ့အခါ အချုပ်ဒါမှမဟုတ် အထိန်းတန်း ဒါမှမဟုတ် ရုန်းကန်မှုကို ပြန်လည်ကူညီပံ့ပိုးနိုင်တဲ့ သက်ရောက်မှု ခွဲယူပေးတဲ့ အထိန်းတွေလိုပြန်ပါတယ်။

ဥပမာမြင်သာအောင်ဆို အပြားလိုက် ၂ပေခွဲကျော်နေရင် T လို U လို I လိုဖြစ်နေအောင် သက်ရောက်မှု ခွဲယူတဲ့အထိန်းထည့်ပေးသင့်ပါတယ်။

နောက်ဆုံး နှုတ်ခမ်းသားကို သစ်နှစ်ထပ်ထည့်ပေးတာမျိုးပေါ့။ သစ်ကိုလည်း သစ်ကြောပြောင်းပြန်ကို ကော်ကောင်းကောင်းနဲ့တွဲဆက်ပေးသင့်ပါတယ်။

သစ်နှစ်ပြားကိုကပ်တဲ့အခါ မျက်နှာပြင်ကို ပြောင်းပြန်ပြန်ကပ်ပါ။ ဒါမှ တစ်ဖက်က ရုန်းကန်တာကို တစ်ဖက်က ပြန်ဆန့်ကျင်ပါလိမ့်မယ်။

ဘလော့ဘုတ်ဖြစ်ဖြစ်၊ ဖင်းဂါးဂွိုင့်ဖြစ်ဖြစ်၊ ဒီ Method တွေထဲမှာ သက်ရောက်ပါတယ်။ဖင်းဂါးလေးတွေဆို ဘေးတိုက်မှာ အဆက်လက်ချောင်းလေးတွေမပါလို့ ကော်မကောင်းရင် ပြုတ်ထွက်လွယ်ပါတယ်။ ဘလော့ဘုတ်တွေက အပေါ်မှာ နှစ်ဖက်ပါတော့ ချုပ်အားကောင်းနေပြန်ပါတယ်။

ကွေးညွတ်မှုအတွက် မြင်သာတဲ့ နမူနာထပ်ပြရရင် ရှည်လျားတဲ့အမြင့်ရှိတဲ့ လေးထောင့်ပုံ ဘီဒိုတစ်ခု ဆိုပါတော့။

ပထမဆုံးသူရဲ့ ဖိအားကိုအခံရဆုံးက ၇ပေရှိတဲ့အလျားမှာဆိုရင် ၃ပေလောက်ကပေါ့။ အဲ့က စကွေးလာပါလိမ့်မယ်။

ဒီအတွက် ဘီဒိုတစ်ခုကိုလုပ်တဲ့အခါ အလည်မှာ အနည်းဆုံး ၇ပေဘီဒိုဆို အောက်ကနေ ၂ပေအကွာမှာ အခင်းပြားတစ်ခုထည့်ကိုထည့်ပေးသင့်ပါတယ်။ အရှင်မဟုတ်ဘူးနော် အသေထည့်ပေးရပါမယ်။

ဒါမှမလွယ်ကူရင် မထည့်ချင်ရင် နောက်ခံအပိတ်ပြားဟာ ဒုတောင့်တဲ့အပြားကိုသာ အသေထည့်ပေးရပါမယ်။ ထိုနေရာမျိုးမှာ အထပ်သားပြားအပါးတွေထည့်ချင်းကို ထိုဘီဒိုကိုအတွင်းကို လေဒီရှိတ် (Lady Shape)ဖြစ်စေပါတယ်။ တံခါးတွေကျပ်လာစေပါတယ်။

(နတ်သားလုပ်တဲ့ ပရိဘောဂတိုင်းမှာ ဘီဒိုတွေဆို နောက်ပိတ်လည်း ဘလော့ဘုတ်ပဲထည့်ပေးပါတယ်။ ကုတင်ဆိုရင်လည်းအတွင်းအခင်းပြားကို ဘလော့ဘုတ်ပဲ ခင်းပေးပါတယ်။ အံဆွဲဆိုရင်လည်းအတွင်းအခင်းပြားကို ဘလော့ဘုတ်ပဲခင်းပေးတာပါ)

တကယ်တော့ ဒီ့ထက် Method ကပိုများပါတယ်။ သစ်တစ်ပြားကွေးဖို့ဆိုတာ လွယ်လွယ်လေးပါ။ အထားအသိုလွဲတာနဲ့ သူ့ဘာသာကိုကွေးလာမှာပါ။ ဒါကိုပဲ မကွေးလာအောင် တွေးပြီး ပြန်လည်ခုခံတဲ့ တန်းတွေ အချုပ်တွေ အထိန်းတွေ ထည့်ဖို့တွေးရတာသာခက်ပါလိမ့်မယ်။

ပုံးလေးတစ်ခုခွေရင်တောင် အပေါ်နဲ့ အောက်ပိတ်ပြားဟာ ထိန်းတန်းကို တောင့်ခံပေးရပါတယ်။ ဒါကြောင့်အောက်ပြားနဲ့အပေါ်ပြားဟာ ဒေါင်တန်းပြားကို ညှပ်ထားရမှာပေါ့။

သို့သော်လည်း ဘေးဘောင်ဒေါင်တန်းနှစ်ပြားဟာ အရှည်လိုမျိုး ခြေထောက်ပါထည့်ချင်ရင်တော့ အောက်ခင်းပြားအတွက် အထမ်းအကူပြားလေးတွေထည့်ပေးရပါတယ်။ ဒါမှ ဝန်အားကို ပိုခုခံနိုင်တာပေါ့နော်။ ပုံလေးတွေထည့်ပေးထားပါတယ်။ တွဲကြည့်ပါဗျ။

ဒါပဲလားမဟုတ်သေးဘူး။

စကူကိုလည်း လိုသလို အတိုအရှည်သုံးရပါတယ်။ အလျားရှည်ပြီး ဖိအားများတဲ့ အပြားအတွက် အထောင်ပြားနဲ့ ချုပ်တဲ့အခါ စကူတိုရင် ဖိအားသက်ရောက်မှုကြောင့် ဗိုက်ပူပြီး ပြုတ်ထွက်တာမျိုးဖြစ်လွယ်ပါတယ်။ သစ်ကိုလည်း ကွေးဖို့ မတားထားနိုင်ပြန်ပါဘူး။

ဒါကြောင့် ကော်သုံးပါ၊ လေသံနဲ့ ထိန်းပါ၊ ပြီးရင် စကူစွဲပါ။ စကူတောင် အလျား ၆ လက်မတိုင်းမှာ တစ်ချောင်းရှိသင့်ပါတယ်။ ဖိအားကြောင့် ဆွဲဆန့်မှုသက်ရောက်အားများရင် စကူအရှည် ၂ လက်မ၊ ၂လက်မခွဲအထိသုံးပါ။ ပြီးတော့ သစ်စို့ကိုကော်ထည့်ရိုက်ပါ။ ဒါဆို မိတ်ဆွေရဲ့ Product ဟာ အံမခန်းကို နှစ်သက်ရှည်တောင့်တင်းနေပါလိမ့်မယ်။

မော်ဒန်ဖန်နေချာရဲ့အသက်ဟာ ထောင့်ချုပ်တွေပါ။ ထိန်းတန်းတွေပါ၊ တေ့ဆက်တွေမို့ ထိုထောင့်နှစ်ပြားဆက်ဟာ ထိုပရိဘောဂရဲ့အသက်ပါပဲလို့သာ ....

ကျတော်လည်း ခုထိ ခလေးသာသာ မူကြိုအဆင်ပါပဲလို့သာတည်း။

*** ပုံတွေရဲ့အောက်မှာလည်း သီးသန့်ရှင်းပြထားပါသေးတယ်။ *****

(ဆ -ဆရာကြီးများလွတ်လပ်စွာ ဝေဖန်နိုင်ပါတယ်။ ရှုံ့ချနိုင်ပါတယ်။ လိုတာလေးတွေထပ်ဖြည့်ပေးရင်တော့ ဖတ်မိသော အကျိုးပြုတာပေါ့ဗျာ)

Crd

နတ်သား 

ဒီပို့စ်ကို မျှ‌ဝေလိုက်ပါ။