သတင်း နှင့် ဗဟုသုတများ

blog photo
  • 2023-08-23

မြေအမျိုးအစားအလိုက် စာရွက်စာတမ်းစစ်ဆေးရမည့် ပုံစံများ

အိမ်ခြံမြေဈေးကွက်အတွင်းမှာ မြေ၊ တိုက်ခန်းရောင်းဝယ်မှုတွေမှာ ရောင်းမှားဝယ်မှားမဖြစ်ပေါ်စေဖို့ မြေအမျိုးအစားအလိုက်စစ်ဆေးရမယ့် စာရွက်စာတမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်...

အိမ်ခြံမြေ၊တိုက်ခန်း ဝယ်ယူမယ်ဆို ရင် အိမ်ခြံမြေ၊ တိုက်ခန်းအမျိုးအစား အလိုက် လိုအပ်တဲ့ စာရွက်စာတမ်းတွေက အပြည့်အဝမတူညီနိုင်ပါဘူး !! ဒါကြောင့် အိမ်ခြံမြေ၊ တိုက်ခန်း ဝယ်ယူတဲ့အခါပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်း အပြည့်အစုံကိုတိုက်ဆိုင်စစ်ဆေးသင့်ပါတယ်။ဒါကြောင့် အိမ်ခြံမြေဝယ်ယူသူတွေ အနေနဲ့ လိုအပ်တဲ့ စာရွက်စာတမ်းတွေကို သိရှိထားဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

🔰ဂရန်မြေ ဂရန်မြေဝယ်မယ်ဆိုရင် ဂရန်အမည် ပေါက်"မှန် မမှန်၊ စစ် မစစ်" ကိုသက်ဆိုင်ရာ ရုံးမှာ သွားရောက် စစ်ဆေးရမှာ ဖြစ်ပါတယ်။ - ဂရန်မြေနဲ့ ပတ်သက်လို့ စစ်ဆေးရမယ့် စာရွက်စာတမ်းကနည်းပါတယ်။ ဂရန်အမည်ပေါက် မှန် မမှန်ကိုသာရုံးမှာ သွားရောက် စစ်ဆေးဖို့ပဲ လိုအပ်ပါတယ်။

🔰ပါမစ်မြေ ပါမစ်မြေဆိုတာကတော့ မြို့သစ်ဘက်တွေမှာ ချထားပေးတဲ့မြေအမျိုးအစား ဖြစ်ပါတယ်။ပါမစ်မြေကို ဝယ်ယူမယ် ဆိုရင် ချ ထားပေးတဲ့ပါမစ် မှန် မမှန်၊အဆိုပါ ပါမစ်ကို အင်ထရီပြင်ထားဖို့ လိုအပ်ပါ တယ်။ အင်ထရီဆိုတာက မြေနေရာအကွက်ချပြီး ထုတ်ပေးလိုက်တဲ့ပါမစ်ကိုပြန်လည် စစ်ဆေးပြီးနေထိုင်ခွင့်ပြုတဲ့အမှတ် တံဆိပ်ဖြစ်ပါတယ်။ အင်ထရီဝင်ပြီးသား ပါမစ်ဆိုရင် နောက်ကျောဘက်မှာ လေးထောင့်တံဆိပ်တုံးလေးနဲ့ ပြန်လည်စိစစ်ပြီးဖြစ်ကြောင်း ပါရှိရမှာ ဖြစ်ပါတယ်။ အင်ထရီ မဝင်ရသေးတဲ့မြေကွက်တွေက ဈေးကွက်အတွင်းမှာ ဈေးနှုန်းကွဲလွဲမှုရှိတယ် လို့ သိရတယ်။“ ဈေးနှုန်းမကွာဘူးဆိုရင်တောင် ရာတန် အကွက်တွေမှာဈေး ငါးသိန်း၊ ၁၀ သိန်း ကွာတယ်၊ ထောင်တန် အကွက်တွေမှာဆိုရင် အင်ထရီမဝင်ရသေးလို့ ပွဲပျက် တာတွေတောင် ရှိတယ်” လို့ ပါမစ်မြေမှာ စာရွက်စာတမ်းလည်း မှန်ကန်မှုရှိပြီးအင်ထရီလည်း ဝင်ထား မယ်ဆိုရင်အမည်ပေါက်ပိုင်ရှင်ရဲ့ မှတ်ပုံတင်မိတ္တူ၊သန်းခေါင်စာရင်းမိတ္တူ ပါရှိရပါမယ်။အဆိုပါ မိတ္တူတွေကိုလည်း မူရင်းနဲ့တိုက်ဆိုင် စစ်ဆေးသင့်ပါတယ်။

🔰လယ်မြေ လယ်မြေ ဝယ်ယူမယ်ဆိုရင်တော့ လယ်မြေအတွက် အစိုးရကို အခွန်ပေးထားတဲ့ စလစ်၊ လယ်ယာမြေမှတ်ပုံတင် စာအုပ်၊ စလစ် up to date ဖြစ် မဖြစ် စစ် ဆေးရပါမယ်။ စလစ် up to date ဆိုတာကတော့ အစိုးရကို အခွန်ငွေပေးသွင်းထားတဲ့နှစ်က အနီးဆုံးနှစ် ဖြစ်ရပါမယ်။လယ်ယာမြေမှာ ပိုင်ဆိုင်မှု စာရွက်စာတမ်းဆိုတာ "လယ်ယာမြေ လက်ဝယ်ရှိသူတိုင်း" ရဲ့လက်ထဲမှာ မရှိနိုင်ပါဘူး။ လယ်ယာမြေကို စိုက်ပျိုးလုပ်ကိုင်တဲ့အပေါ်အခွန် စည်းကြပ်ခံထားရတဲ့ မြေခွန် ပြေစာ သည်သာပိုင်ဆိုင်မှု ဖြစ်ပါတယ်။ အမှန်တကယ် လယ်ယာမြေကို လုပ်ကိုင်နေပြီးအခွန်စည်းကြပ်မှုကိုလည်း ထမ်းဆောင်ထားမယ်ဆိုရင်လယ်ယာမြေ လက်ရှိ ရှိသူအနေနဲ့ အင်္ဂါရပ်ညီညွတ်ပြီ လို့ဆိုနိုင်ပါတယ်။ လယ်ယာမြေလုပ်ကိုင်သူတွေကို မြေစာရင်းဌာနကအခွန်စည်းကြပ်မှု မှတ်ပုံတင်စာရင်းနဲ့ မြေပုံမှာမှတ်သားထား လေ့ရှိပါတယ်။ တချို့လယ်ယာမြေတွေက အခွန်ပြေစာအပြင်မြေစာရင်းပုံစံ ၁၀၅ ကိုလည်း ရေးကူးရယူထားရှိနိုင်ပါတယ်။မြေစာရင်းပုံစံ ၁၀၅ ဆိုတာက မြေစာရင်းဌာနကမှတ် ပုံတင်စာရင်း၊ မြေပုံ စသည်တို့မှာ မှတ်သားထားတဲ့အတိုင်း မှတ်တမ်းထိန်းသိမ်းတဲ့ မြေစာရင်းဌာန က ပုံစံတူရေးကူးပေးတဲ့ပုံစံ တစ်ခုဖြစ်ပါတယ်။ မြေစာရင်းပုံစံ ၁၀၅ မှာ မြေကွက်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကိုတစ်စုတစ်စည်း သိရှိနိုင်ပါတယ်။ ပုံစံ ၁၀၅ မှာ ဖော်ပြချက်အရမြေကွက်တည်ရှိတဲ့ မြို့၊ ရပ်ကွက်၊ ကျေးရွာ၊ ကွင်း၊ ဧရိယာ၊မြေအမျိုးအစား စတာတွေကို အလွယ်တကူ သိရှိနိုင်ပါတယ်။ “လယ်ယာမြေကို စလစ်တစ်ခုတည်းနဲ့ အရောင်းအဝယ်လုပ်တာတွေရှိတယ်၊ အဲဒါတွေက ရေရှည်မှာ အဆင်မပြေပါဘူး”လို့ ဆိုပါတယ်။ယခုအချိန်မှာ လယ်ယာမြေကို အရပ်သဘောရောင်းဝယ်နေကြပြီး စာချုပ်စာတမ်းမှတ်ပုံတင်ရုံးမှာ လယ်ယာမြေဥပဒေသစ်အရ မှတ်ပုံတင်ပြီးမှသာ တရားဝင် ဆောင်ရွက်လို့ရမှာ ဖြစ်တယ်။

🔰လန ၃၉ မြေ လန ၃၉ ဆိုတာက လယ်ယာမြေမှ တစ်ဆင့် အခြားမြေအဖြစ်ပြောင်းလဲ အသုံးပြုခွင့်ပြုထားတဲ့ မြေအမျိုးအစားဖြစ်ပါတယ်။လန ၃၉ မြေ ဝယ်ယူမယ်ဆိုရင် လယ်ယာမြေကနေ အခြားမြေပြောင်းလဲ အသုံးပြုခွင့်ပြုထားတဲ့ လန ၃၉ စာရွက် ရှိ ရပါမယ်။ဒါမှသာ လယ်ယာမြေကို အိမ်ယာမြေ၊ စက်မှုထုတ်ကုန် တစ်ခုခုပြောင်းလဲ အသုံးပြုမယ်ဆိုရင် လန ၃၉ ချထား ပေးတဲ့စာရွက်ရှိမှအဆင်ပြေမှာ ဖြစ်ပါတယ်။

🔰တိုက်ခန်းဝယ်မယ်ဆိုရင် တိုက်ခန်းအရောင်းအဝယ် ပြုလုပ်တဲ့အခါမှာ ဆက်စပ်စာချုပ်တစ်ခုရှိရုံနဲ့ ပိုင်ဆိုင်မှုအထောက်အထားပြည့်စုံပြီလို့ မထင်မှတ်သင့်ပါဘူး။ တိုက်ခန်းအရောင်းအဝယ်ပြုလုပ်တဲ့နေရာမှာ မရှိမဖြစ်လိုအပ်တဲ့စာရွက်စာတမ်းတွေကတော့ ... 1️⃣ဆက်စပ် စာချုပ် 2️⃣ BCC (လူနေထိုင်ခွင့်) 3️⃣ မြေရှင်လက်မှတ် 4️⃣ရေမီတာ၊ မီးမီတာ စာရွက်စာတမ်းတွေ လိုအပ်ပါတယ်။ အဲသည်စာရွက်စာတမ်းတွေ ပါရှိရင်တော့ ပိုင်ဆိုင်မှု သေချာနိုင်တယ်လို့သိရပါတယ် 🔰ဘိုးဘွားပိုင်မြေ ဘိုးဘွားပိုင်မြေ ဖြစ်ခဲ့မယ်ဆိုရင်တော့သက်ဆိုင်ရာ မြေပိုင်ဆိုင်မှုမှတ်တမ်းမှာ ပိုင်ရှင်အဖြစ်မှတ်တမ်းရှိပြီး ဖြစ်ရမှာဖြစ် ပါတယ်။

ဒီပို့စ်ကို မျှ‌ဝေလိုက်ပါ။