သတင်း နှင့် ဗဟုသုတများ

blog photo
  • 2023-10-10

အိမ်ခြံမြေ အကြောင်း သိကောင်းစရာများ အပိုင်း ( ၂ )

၁၁။ ရက်ပေါင်း ( ၁၂၀ ) အတွင်း မှတ်ပုံတင်ပါ

       အိမ်ခြံမြေ အတွက် မှတ်ပုံတင်စာချုပ်တွင် မြေပုံမြေရာဇဝင်လိုအပ်ပြီး အရပ်စာချုပ်ဖြင့် ဝယ်ပြီးနောက် ရက်ပေါင်း ( ၁၂၀ ) အတွင်းမှတ်ပုံတင် ချုပ်ဆိုရပါသည်။

 

၁၂။ အိမ်ခြံမြေကိစ္စ စာချုပ်တွေ မှတ်ပုံမတင်လို့ကတော့

       စာချုပ်မှတ်ပုံမတင်လျှင် အိမ်ခြံမြေပိုင်ဆိုင်မှု တရားမဝင်ပါ၊ မွေးစားသားသမီးကိုလည်း အိမ်ခြံမြေ အမွေပေး၍ မရပါ။ အရပ်ကတိစာချုပ်တို့သည် တရားရုံးများ၌လည်း  တရားဝင် တင်သွင်း၍ မရပါ ခင်ဗျာ။ 

 

၁၃။ မှတ်ပုံတင်ထားလျှင် နှစ် ( ၁၀၀ )၊ နှစ် ( ၂၀၀ ) အေးအေးလေး

        စာချုပ်စာတမ်း မှတ်ပုံတင်ထားသော အိမ်ခြံမြေစာချုပ်တို့သည် နှစ် ၁၀၀၊ နှစ် ၂၀၀ မက ကြာမြင့်ပါစေ ရုံးလက်ခံကိုပြန်ကြည့်ခွင့်လည်း ရှိတယ်။ မိတ္ထူပြန်တောင်းခံလို့လဲရပါတယ်။ အဲဒီမိတ္ထူ Certifited Copy က တရားဝင်ပါတယ် ခင်ဗျာ။

 

၁၄။ မြေပုံမြေရာဇဝင် ရေးကူးပေးရန် လျှောက်ထားနည်း။

       အသစ်ဆောက်လုပ်ခြင်း ။ အကြီးစားပြင်ဆင်ခြင်း။ ဘဏ်ငွေချေးခြင်း။ အရောင်း/အဝယ်စာချုပ်။ အမွေဆက်ခံခွင့်ကြော်ငြာ။ မြေကွက်ခွဲဝေခြင်းစာချုပ်။ စွန့်လွှတ်ခြင်းစာချုပ်။ အပိုင်းပေးစာချုပ်။ ခြံစည်းရိုးကာရံခြင်း။ မြေကွက်ခွဲစိပ်ခြင်း။ အဝီတွင်းတူးခြင်း။ လှူဒါန်းခြင်းစာချုပ်။ မှတ်တမ်းတင်ထားရှိရန်။ ကျူးလွန်ခြင်းပြမြေပုံ။ ဌာနဆိုင်ရာတင်ပြရန်။ အမှားပြင် စာချုပ်ချုပ်ရန်။ ငှားရန်စာချုပ်ချုပ်ရန်။ အပေါင်စာချုပ်ချုပ်ရန်။ မြေကွက်လဲလှယ်စာချုပ်။ မိသားစုစီမံမှုပြုလုပ်ရန်။ အခွန်လွတ်သာသနာဂရန်လျှောက်ရန်။ ဒီကိစ္စအတွက် ပိုင်ဆိုင်ကြောင်း အထောက်အထား၊ မှတ်ပုံတင်မိတ္ထူ၊ ဝန်ဆောင်ခတို့ပေး၍ ဌာနမှပုံစံတွင် ပြည့်စုံစွာရေးသွင်းလျှောက်ထားရပါမည်။

 

၁၅။မြေပုံမြေရာဇဝင်ကို " မြေရောင်းသူ " က ထုတ်ပေးရသည်

        အိမ်ခြံမြေ အရောင်းအဝယ် မှတ်ပုံတင်စာချုပ်ကြီးချုပ်ကြမည် ဆိုလျှင် " အရောင်းအဝယ်ပြုလုပ်ရန် အတွက်သာ " ဆိုသည့် မှတ်ချက်ပါသော သက်တမ်းတစ်နှစ်အတွင်း ရယူထားသည့် မြေပုံမြေရာဇဝင်ကို " မြေရောင်းသူ " က ထုတ်ယူပေးရမည် ဖြစ်ပါတယ် ခင်ဗျာ။

 

၁၆။ အိမ်မြေဝယ်သူသည်

      စာရွက်စာတမ်းအရင်စစ်၊ ငွေကိုအပြည့်ပေး၊ မှတ်ပုံတင် စာချုပ်ကိုယ်တိုင်လုပ်ရပါသည်။

 

၁၇။အိမ်မြေဝယ်သူ၏ အခွင့်အရေး

     စရန်ချပြီးဝယ်ပြီးသလိုပါပဲ။ ဆက်မဝယ်ဖြစ်လျှင် စရန်စာချုပ်ပါအချက်အလက်တွေအတိုင်း ရှေ့ဆက်ရပါမည်။

 

၁၈။ မြေဝယ်ယူသူကတော့ ကျန်တာအကုန်လုပ်ရသည်

       အိမ်ခြံမြေ စာချုပ်မှတ်ပုံတင်ဖို့အတွက် ရာဖြတ်တင်ရသည့်အလုပ်၊ အခွန်တော်တံဆိပ်ခေါင်းဝယ်ရမည့် အလုပ်နှင့် ငွေဖြူ(ဝင်ငွေရလမ်းဖော်ပြနိုင်သောငွေ) ကိစ္စ တို့ကို " မြေဝယ်ယူသူ " ကတာဝန်ယူ ဆောင်ရွက်ရပါတယ်။ 

 

၁၉။  မြေမှန်သမျှကို နိုင်ငံတော်ကပိုင်ပါသည်   

        မြန်မာနိုင်ငံတွင်ရှိနေပါသော မြေမှန်သမျှကို နိုင်ငံတော်ကပိုင်ပါသည်ဟု ဖွဲ့စည်းပုံအခြေခံ ဥပဒေများတွင် ပြဌာန်းဖော်ပြထားပြီးဖြစ်ပါသည်။

 

 ၂၀။ လ/န ဥပဒေကို ဖျက်သိမ်းပြီးပါပြီး

      လ/န ဆိုတာက ၁၉၅၃ - ခုနှစ် လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေး အက်ဥပဒေဖြစ်ပါသည်။ ၂၀၁၂ - ခုနှစ်တွင် ဖျက်သိမ်းပြီးဖြစ်ပါသည်။ သို့သော်လည်း လ/န ၃၉ မှာ " လယ်ယာမြေ " မှ " လူနေမြေ " အဖြစ်သို့ ပြောင်းလဲနိုင်သော ပုဒ်မဖြစ်ပါ၍ လူသိများလှပါသည်။

Crd = = ဆရာ ကြည်ဆိုး ( IC )

ဒီပို့စ်ကို မျှ‌ဝေလိုက်ပါ။