သတင်း နှင့် ဗဟုသုတများ

blog photo
  • 2022-12-16

စာချုပ် တရားဝင်ခိုင်မာမှုရှိရန် ဘာတွေလိုအပ်လဲ။

စာချုပ်စာတမ်းအမျိုးမျိုးရှိသည်။ ပစ္စည်းအရောင်းအဝယ်စာချုပ်၊ အိမ်ရှင်အိမ်ငှားစာချုပ်၊ ငွေပေးငွေယူ ကတိစာချုပ်၊ လက်ထပ်စာချုပ်၊ ကွာရှင်းစာချုပ် ၊ နှစ်ဦးသဘောတူကတိစာချုပ်များ စသည့် စာချုပ်စာတမ်း အမျိုးမျိုးရှိကြပြီး ၎င်းစာချုပ်များပေါ်တွင် ကတိပြုသူနှစ်ဦးနှစ်ဖက် လက်မှတ်ရေးထိုးကြလျှင် ကတိကဝတ် မြောက်မည်ဖြစ်ပါသည်။

စာချုပ်များချုပ်ဆိုရာတွင် လိုအပ်သော တံဆိပ်ခေါင်းခွန်များ ထမ်းဆောင်ကြရသည်။ တံဆိပ်ခေါင်းခွန်ဥပဒေတွင် ပြဌာန်းထားသည့် ဌာနမှထုတ်ပေးထားသော တံဆိပ်ခေါင်းစာချုပ်များပေါ်တွင် ချုပ်ဆိုကြရသည်။

၎င်းတို့မှာ ကတိစာချုပ် သဘောတူစာချုပ်ဆိုပါက အခွန်တံဆိပ်ခေါင်း ၃၀၀ ကျပ်၊ လက်ထပ်စာချုပ် ၂၅၀ ကျပ် ကွာရှင်းစာချုပ် ၂၅၀ ကျပ်၊ ပေးကမ်းစာချုပ်- ရွေ့ပြောင်းနိုင်သောပစ္စည်း ၃၀၀ ကျပ်၊ မရွှေ့ပြောင်းနိုင်သော ပစ္စည်း တန်ဖိုးအပေါ် 1.5%ထမ်းဆောင်ရမည်။

စာချုပ်များတွင် သက်သေနှစ်ဦးလက်မှတ်ရေးထိုးရန် လိုအပ်ပါသည်။ ကတိပြုသူဘက်မှ သက်သေတစ်ဦးနှင့် ကတိလက်ခံသူဘက်မှ သက်သေတစ်ဦးတို့ ရှေ့မှောက်တွင် ချုပ်ဆိုကြကြောင်း လက်မှတ်ရေးထိုးကြရမည်။

မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ မရွှေ့ပြောင်းနိုင်သော ပစ္စည်းအား မေတ္တာဖြင့်ပေးကမ်းခြင်း၊ စွန့်လွှတ် စာချုပ်ချုပ်ဆိုခြင်း ၊ ကိတ္တိမမွေးစားစာချုပ်ချုပ်ဆိုခြင်း ကိစ္စရပ်များတွင် အသိသက်သေ(၂)ဦး မဖြစ်မနေ လက်မှတ် ရေးထိုးကြရမည်။ အဆိုပါစာချုပ်များကို သက်သေမပါရှိပဲချုပ်ဆိုပါက တရားမဝင် ပျက်ပြယ်ပါသည်။

မည်သည့်စာချုပ်မျိုးဖြစ်စေ အသိသက်သေနှစ်ဦးရှေ့တွင် ပြုလုပ်ချုပ်ဆိုကြခြင်းသည် ဥပဒေအရ ခိုင်မာသော စာချုပ်စာတမ်းတစ်ခုဖြစ်လာသည်။

အသိသက်သေများကို ဆွေမျိုးသားချင်းများထက် သူစိမ်းပုဂ္ဂိုလ်များက ရေးထိုးခြင်းက ပို၍ ကောင်းမွန်ကြောင်း ဗဟုသုတရစေရန် ဖော်ပြလိုက်ပါသည်။

ဒီပို့စ်ကို မျှ‌ဝေလိုက်ပါ။